နှာခေါင်းရိုးကျိုးခဲ့ရင် ဘာတွေလုပ်ကြမလဲ
မတော်တဆ ထိခိုက်ဒဏ်ရာ ရတာကြောင့် ဖြစ်စေ၊ ရန်ဖြစ်တာကြောင့် ဖြစ်စေ နှာခေါင်းရိုး ကျိုးတာမျိုး ဖြစ်တတ်ပါတယ်။ နှာခေါင်းဟာ မျက်နှာရဲ့ ပုံပန်းသွင်ပြင်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သလို အသက်ရှူဖို့နဲ့ အသက်ရှူလမ်းကြောင်းထဲကို ဝင်လာတဲ့ ရောဂါပိုးနဲ့ အမှုန်အမွှားတွေကို တိုက်ထုတ်ဖို့အတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းပါ။
နှာခေါင်းရိုး ကျိုးတာက စိုးရိမ်စရာလား?
နှာခေါင်းရိုးကျိုးတိုင်းတော့ စိုးရိမ်စရာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ၃ ပတ်လောက်ကြာတဲ့အခါ သူ့အလိုလို အရိုးက ပြန်ဆက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကာလအတန်ကြာတဲ့ထိ မသက်သာဘူးဆိုရင်၊ နှာခေါင်းက ပုံပျက်သွားရင်တော့ စိုးရိမ်ရပါလိမ့်မယ်။
နှာခေါင်းရိုးကျိုးရင် ဘာတွေ ခံစားရမလဲ?
- နာနေတာ၊ ရောင်ရမ်းနေတာ၊ နီရဲနေတာ
- နှာခေါင်းကို ကိုင်လိုက်ရင် ဂျိုးဂျိုးဂျွတ်ဂျွတ် အသံမြည်နေတာ
- နှာခေါင်းသွေးထွက်တာ
- နှာခေါင်းက စောင်းသွားရွဲ့သွား ပုံပျက်သွားတာ
- နှာခေါင်းပိတ်သွားပြီး အသက်ရှူရခက်ခဲတာတွေ ခံစားရနိုင်ပါတယ်။
နှာခေါင်းရိုးကျိုးရင် ဘာတွေဆောင်၊ ဘာတွေရှောင်ရမလဲ?
- ရေခဲကို တဘက်နဲ့ပတ်ပြီး နှာခေါင်းရိုးပေါ် ၁၅ မိနစ်ခန့် တင်ပေးပါ (တစ်နေ့ကို အကြိမ်များစွာ လုပ်နိုင်ပါတယ်)။
- နှာခေါင်းသွေးထွက်နေရင် ထိုင်လျက်ဖြစိစေ၊ ရပ်လျက်ဖြစ်စေ ရှေ့ကို နည်းနည်းကုန်းပြီး နှာခေါင်းပေါက်တွေရဲ့ အထက်နားကနေ နှာခေါင်းကို လက်နဲ့ အသာအယာ ညှစ်ထားပါ၊ ၁၅ မိနစ်ခန့် လုပ်ပေးရပါမယ်။
- အိပ်တဲ့အခါ ခေါင်းအုံးမြင့်မြင့် အုံးတာက ရောင်ရမ်းတာကို လျော့စေပါတယ်။
- အနာသက်သာအောင် ပါရာစီတမောလ် သောက်ပါ။
- သေးငယ်တဲ့ ဒဏ်ရာတွေ ရှိနေရင် ဆေးထည့်ပါ။
- နှာခေါင့းက စောင်းရွဲ့ပုံပျက်သွားရင် နှာခေါင်းကို ပြန်ဖြောင့်ဖို့ မကြိုးစားပါနဲ့။
- နှာခေါင်းကို ဆိတ်တာ၊ ပွတ်တာတွေလည်း မလုပ်ပါနဲ့။
- အရောင်မကျခင် ဖြစ်နိုင်ရင် မျက်မှန်မတပ်ပါနဲ့။
- ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ အားကစားတွေလည်း မလုပ်ပါနဲ့။
၃ရက်ကျော်တဲ့ထိ အရောင်မကျရင်၊ နှာခေါင်းက ပုံပျက်နေရင်၊ သွေးထွက်နေရင်၊ ဒဏ်ရာကြီးကြီးမားမား ရှိနေရင် ဆေးရုံဆေးခန်း သွားသင့်ပါတယ်။ နှာခေါင်းသွေး သို့မဟုတ် အရည်ကြည်ထွက်နေတာ၊ မျက်စိကိုက်ပြီး ၂ ထပ်မြင်နေတာ၊ ခေါင်းကိုက်တာ၊ အမြင်ဝါးနေတာ၊ လည်ပင်းနာပြီး တောင့်နေတာ၊ စကားပြောရခက်ခဲတာတွေက ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားတဲ့ လက္ခဏာတွေမို့ မပေါ့သင့်ပါဘူး။
နှာခေါင်းက သိသိသာသာ ပုံစံပျက်နေပြီး ပုံမှန်ပြန်မဖြစ်ရင် ခွဲခန်းထဲမှာ မေ့ဆေး သို့မဟုတ် ထုံဆေးပေးပြီး နှာခေါင်းကို ပုံစံပြန်ချတာမျိုး လုပ်လို့ရပါတယ်။
နှာခေါင်းရိုးကျိုးတာက ကြီးမားတဲ့ ပြဿနာကြီးတော့ မဟုတ်ပါဘူး။ သူ့အလိုလို သက်သာသွားနိုင်သလို ကုသရင်လည်း ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။ ပုံစံပျက်သွားတာကို မကုဘဲ ထားရင်တော့ ပုံဆိုးပန်းဆိုး ဖြစ်ပြီး အလှပျက်တာ၊ နှာခေါင်းပိတ်ပြီး အသက်ရှူရခက်ခဲတာမျိုးတွေ ဖြစ်သွားမှာမို့ နှာခေါင်းရိုးကျိုးခဲ့ရင် ဂရုတစိုက် စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်